ချင်းပြည်သတင်း
မြေငလျင်သဘာဝဘေးအန္တရာယ် အရေးပေါ်ကာလမှာ လေကြောင်းတိုက်ခိုက်မှု ချက်ချင်းရပ်တန့်ဖို့ စစ်ကောင်စီကို CNF တိုက်တွန်း

VOC/ March 31, 2025
မြေငလျင်သဘာဝဘေးအန္တရာယ် အရေးပေါ်ကာလမှာပင် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတာကိုတွေ့ရပြီး မြန်မာပြည်သူတွေဟာ မြေငလျင်ဘေးဒဏ်သာမက စစ်ကောင်စီလက်ချက် နဲ့ သေဆုံးမှုတွေလည်း ဆက်လက်ရှိနေတာကြောင့် ထိုလုပ်ရပ်ကို စစ်ကောင်စီအနေနဲ့ ချက်ချင်းရပ်တန့်ဖို့ CNF က တိုက်တွန်းလိုက်ပါတယ်။
မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း နဲ့ မန္တလေးမြို့အနီးကို ဗဟိုပြုကာ ပြင်းအား ၇.၇ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) နဲ့ အခြားဒေသအသီး သီးတို့မှာ လူဦးရေ ၂၅၀၀ ကျော်သေဆုံးပြီး၊ လူနေအိမ် ဘာသာရေးအဆောက် အအုံ လမ်းတံတာနဲ့ အခြေခံအဆောက်အအုံများဆုံးရှုံးပျက်စီးမှုအပေါ် မြန်မာပြည်သူတရပ်လုံးနဲ့ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းကြောင်း ချင်းအမျိုးသားတပ်ဦး CNF က ယနေ့မတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
ငလျင်ဘေးဒဏ်ခံစားနေရသော ပြည်သူများ ပြန်လည်ထူထောင်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ပေးအပ်ရာမှာ ပြည်သူများနဲ့အတူ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ချင်းအမျိုးသားတပ်ဦး CNF က ပြောပါတယ်။
ငလျင်ဘေးသင့်ပြည်သူတွေထံ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အပြည့်အဝရရှိရေး၊ ဘက်လိုက်မှုကင်းတဲ့ လူသားချင်းစာနာထောက်ထားမှုပေးအပ်ရေး၊ နိုင်ငံတကာသတင်းမီဒီယာတွေက မြေပြင်အခြေအနေသတင်းမှန်ကို လွတ်လပ်စွာရယူနိုင်ရေး နဲ့ လူသားချင်းစာနာထောက်မှုအကူအညီပေးအပ်ရာမှာ နိုင်ငံရေးအမြတ်ထုတ်မှုမရှိစေရေးအတွက် စစ်ကောင်စီ နဲ့ သက်ဆိုင် သူတွေကို တိုက်တွန်းတယ်လို့လည်း CNF ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
လူသားချင်းစာနာထောက်မှုအကူအညီတွေပေးအပ်နေကြတဲ့ နိုင်ငံတကာအသိုင်းအဝန်းများ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဝိုင်းဝန်းကူညီပေးကြတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ပြည်တွင်းအဖွဲ့အစည်းအသီးသီးအားလုံးအပေါ် ကျေးဇူးတင်ရှိကြောင်း CNF ကပြောပါတယ်။
ငလျင်ဘေးသင့်နေရာအရပ်တွေမှာ နေထိုင်၊ ခိုလှုံနေကြတဲ့ ချင်းအမျိုးသားထုအတွက်လည်း အောက်မေ့သတိရရှိ ကြောင်း CNF ကပြောပါတယ်။
စစ်ကိုင်းကိုရောက်နေတဲ့ မလေးရှားကယ်ဆယ်ရေးအဖွဲ့ စစ်ကောင်စီဗုံးဒဏ်၊ မိုင်းဒဏ်အပြင် လုံခြုံရေးနဲ့ ထောက်ပံ့မှုအခက်အခဲတွေနဲ့ ကြုံတွေ့

VOC/ March 31, 2025
မြန်မာနိုင်ငံ၊ စစ်ကိုင်းမြို့က ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီရေးနဲ့ ကယ်ဆယ်ရေးအတွက် ရောက်ရှိလာတဲ့ မလေးရှား အထူးရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့ (SMART) ဟာ လုံခြုံရေးအရ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတဲ့အပြင် ထောက်ပံ့မှုတွေလည်း လိုအပ်နေပါတယ်။
SMART အဖွဲ့ဟာ ငလျင်ဒဏ်သင့်ဒေသတွေရဲ့ ဘုန်းတော်ကြီးကျောင်းဧရိယာတွေမှာတောင် မြေမြှုပ်မိုင်းတွေ ရှိနေတယ်လို့ ဒေသခံတွေက သတိပေးပြောဆိုချက်အရ သိရပြီး “ဒီအန္တရာယ်က ရှာဖွေကယ်ဆယ်ရေး (SAR) လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ကျွန်တော်တို့ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ သတိထားမှုအဆင့်ကို တိုးမြင့်ထားရပါတယ်” လို့လည်း ဖော်ပြပါတယ်။
"နယ်မြေဒေသဟာ လုံခြုံရေး အန္တရာယ် မြင့်မားနေပြီး စစ်ဆေးရေးဂိတ် ၁၀ခုမကကို ဖြတ်သန်းခဲ့ရတယ်။ နောက်ထပ် ကြုံတွေ့ရတဲ့ လုံခြုံရေးစိန်ခေါ်မှုကတော့ SMART အဖွဲ့ ဖြတ်သန်းသွားတဲ့ နယ်မြေတချို့ဟာ မငြိမ်မသက်ဖြစ်နေဆဲဖြစ်ပြီး မြန်မာစစ်တပ်က ဒီဒေသတွေကို ဗုံးခွဲတိုက်ခိုက်မှုတွေရဲ့ ပစ်မှတ်အဖြစ် ဆက်လက်ထားရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်” လို့ NADMA က ထုတ်ပြန်ထားပါတယ်။
MAS 01 လို့ အမည်ပေးထားတဲ့ SMART အဖွဲ့မှာ မလေးရှားစစ်တပ်က ကိုယ်စားလှယ် ၁၆ ဦး၊ မလေးရှားတော်ဝင်ရဲတပ်ဖွဲ့က ၁၃ ဦး နဲ့ မီးသတ်နှင့်ကယ်ဆယ်ရေးဌာနက ၂၁ ဦးတို့ ပါဝင်ပါတယ်။ ကယ်ဆယ်ရေးကို မနက် ၈ မှ ညနေ ၅ နာရီအထိ လုပ်ခွင့်ရဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ရကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်က ၄၁ ဒီဂရီစင်တီဂရိတ်ကြား အလွန်ပူပြင်းတဲ့ ရာသီဥတုကြောင့် ရှာဖွေကယ်ဆယ်ရေေလုပ်ငန်းတွေကို လူပ်ဆောင်ရခက်ခဲပြီး အရေးကြီးတဲ့ကာလ ၇၂ နာရီကို ကျော်လွန်သွားတဲ့အတွက် အသက်ရှင်ကျန်နေတဲ့ သားကောင်ကို ရှာတွေ့နိုင်ခြေ လျော့ကျသွားကြောင်း သိရပါတယ်။
ငလျင်ဘေးဒဏ်သင့်နေရာဒေသတစ်ခုက တစ်ခုကိုရွှေ့ပြောင်းတဲ့အခါမှာလည်း ဒေသခံစစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားတယ်လို့ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီ (NADMA) ရဲ့ မတ်လ ၃၁ ရက် ဒီနေ့ထုတ်ပြန်ချက်မှာ ပြောဆိုသွားပါတယ်။ မြန်မာပြည်ကိုရောက်ရှိပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရမယ့် စစ်ကိုင်းကို ရောက်ရှိဖို့ ၂၄ နာရီကျော်အချိန်ယူခဲ့ရတယ်လို့လည်း ကယ်ဆယ်ရေးအဖွဲ့က ဆိုပါတယ်။
လက်ရှိ SMART အဖွဲ့ကို ကယ်ဆယ်ရေးလုပ်ငန်းတွေ ပိုမိုထိရောက်စေဖို့ Alpha 1 နဲ့ Alpha 2 တို့ ခွဲထားပြီး သဘာဝဘေးဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရတဲ့ တရားဇရပ်တွေ၊ ကျောင်းတွေနဲ့ ဆေးရုံတွေကို ကယ်တင်ရေးကို ဦးစားပေးလုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ချောမွေ့စွာ လည်ပတ်နိုင်ဖို့ အတွက်လည်း မလေးရှားကယ်ဆယ်ရေးအဖွဲ့ဟာ မော်တော်ယာဉ်တွေနဲ့ လျှပ်စစ်မီးစက်လို စက်ကိရိယာတွေအတွက် ဓာတ်ဆီထောက်ပံ့မှု လိုအပ်ခြင်းအပါအဝင် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အသက်ရှင်ကျန်ရစ်သူတွေမှာလည်း စားသောက်စရာအပါအဝင်အခြေခံလိုအပ်ချက်ထောက်ပံ့မှုတွေလည်း မရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီးကလည်း ကယ်ဆယ်ရေးလုပ်ငန်းများ အဆင်ပြေပြေလုပ်ဆောင်နိုင်ဖို့ ဓာတ်ဆီဝယ်ဖို့ ဆီဆိုင်များ ညွှန်းပေးဖို့ လူမှုကွန်ယက်ကနေ တောင်းဆိုထားပါတယ်။